CentOS ကို VirtualBox တွင် တင်၍ Linux Server ကို လေ့လာခြင်း (အပိုင်း ၂)

CentOS စတင် အသုံးပြုခြင်း

စတင် အသုံးမပြုမီ Virtual Machine ရှိတဲ့ဆီကိုသွားပြီး .vdi ဖိုင်လေးကို ကော်ပီပွားထား လိုက်ပါ။ မဟုတ်လဲ VirtulBox မှာ clone ဆိုတာ ပါပါတယ်။ ပွားထားလိုက်ပါ။ ထပ်တင်ဖို့ မလိုပါဘူး။ copy အကြိမ်ကြိမ်ကူးပြီး သုံးလို့ရပါတယ်။ clone လုပ်ပြီး VM နှစ်ခု သုံးခုတောင် သုံးလို့ရပါတယ်။ ကိုယ့်ရဲ့ ကွန်ပျူတာကတော့ CPU, RAM တွေ ကောင်းဖို့ များဖို့ လိုပါတယ်။

အခု Virtual Machine ကို start လုပ်လိုက်ပါ။

Localhost login:

ဆိုပြီးပြနေပါလိမ့်မယ်။ command line နဲ့ပဲ အသုံးပြုရမှာပါ။ ဘာ desktop, ဘာ GUI မှ တွေ့ရမှာပါ မဟုတ်ပါဘူး။ server ဆိုတာ ဒီလိုပါပဲ။ GUI ပါလဲ လှလှပပ မရှိပါဘူး။ colour က မွဲ၊ icon တွေကလဲ မလှပါဘူး။ ဒါပေမယ့် network အတွက်တော့ စွမ်းဆောင်ရည်မြင့်ပါတယ်။

အဲ့ဒီ့ Localhost login မှာ root လို့ ရိုက်လိုက်ပါ။ root user ပေါ့ဗျာ။ windows OS မှာလိုဆိုရင် administrator နဲ့ တူပါတယ်။ password: ဆိုပြီး ပေါ်လာလိမ့်မယ်။ OS တင်တုန်းက ပေးထားခဲ့တဲ့ password ထည့်ပေးလိုက်ပါ။ password ထည့်ရင် *** လေးတောင် ပေါ်မှာမဟုတ်ပါဘူး။ မှန်အောင်ရိုက်ပြီး Enter ခေါက်ပါ။

အောက်ပါအတိုင်း ဖြစ်ပါမယ်။

Localhost login: root
Password:

ဒါဆိုရင် login ဖြစ်သွားပါလိမ့်မယ်။

[root@localhost ~]#_

လေးထောင့်ကွင်းက root ဆိုတာ root user ဖြစ်တယ်။ ဘယ်မှာလဲဆိုတော့ localhost ဆိုတဲ့ ကွန်ပျူတာမှာပါတဲ့။ localhost ဆိုတာ host နာမည်လို့ခေါ်ပါတယ်။ ကွန်ပျူတာနာမည် OS နာမည်လို့ အလွယ်မှတ်ထားပါ။ network ချိတ်ရင် host name ရှိကို ရှိရပါတယ်။ ကြိုက်နှစ် သက်ရာ ပေးနိုင်ပါတယ်။ အခုက OS တင်တုန်းက default ထည့်ပေးသွားတာပါ။ နောက်မှ ပြောင်းပါ့မယ်။

~ ကတော့ အခုရောက်နေတာက home directory ပါတဲ့။ GUI မှာလိုဆိုရင်တော့ home folder ထဲရောက်နေတယ်ပေါ့ဗျာ။ GUI မှာဆိုရင် login ဖြစ်ရင် desktop or metro interface ကို တန်းရောက်တယ်လေ။ CLI မှာတော့ login ဆိုရင် ~ (home directory) ကိုရောက်ပါတယ်။

# ကတော့ root user အနေနဲ့ command တွေကို run မှာ ဖြစ်တဲ့အတွက်ပါ။ root မဟုတ်ရင် $ နဲ့ ပေါ်ပါတယ်။ root user အနေနဲ့ run မှာ ဖြစ်တဲ့အတွက် မှားလုပ်မိရင် OS ကို ထိခိုက်နိုင် ပါတယ်။ မှားလို့မရပါဘူး။
မှားရင် ဘာဖြစ်မလဲဆိုတာ အောက်ပါ command ကို ရိုက်ကြည့်ရင် သိပါလိမ့်မယ်။

# rm –rf ––no-preserve-root /

သွားပြီလို့သာ မှတ်ပါတော့။ ဘာသွားတာလဲ !!!! ။ တတ်တတ်ပြောင်သွားပါလိမ့်မယ်။ မလုပ်ပါနဲ့။ ဘယ်တော့မှ မရိုက်သင့်တဲ့ command တွေထဲမှာ ဒီ (rm –rf / )က ထိပ်ဆုံးက ဖြစ်ပါတယ်။ OS ပြန်တင်မှ ရပါလိမ့်မယ်။ မယုံရင်ရိုက်ကြည့်ပါ။ VM ကို clone or copy တော့ လုပ်ထားပေါ့။ copy ပွားမထားရင်တော့ ပြန် install လုပ်ရပါလိမ့်မယ်။ root user အနေဖြင့် Login ပြုလုပ်ခြင်းဖြစ်သည့်အတွက် အမှားအယွင်း မခံသည်ကို ဂရုစိုက်ပါ။ စတင် login လုပ် အသုံးပြုခြင်းကိုအကြောင်းကို ဤနေရာတွင် အဆုံးသတ်ပြီး network ချိတ်ဆက်ခြင်းကို လေ့လာကြည့်ကြပါမည်။

Network ချိတ်ဆက်ခြင်း

ကဲ Network ချိတ်ဖို့ လိုအပ်တာလေးတွေ ပြင်ဆင်ကြည့်ရအောင်။

ကျွန်တော်တို့က အပြင်မှာ တကယ့်ကွန်ပျူတာနှစ်လုံးနဲ့သာ network ချိတ်မယ်ဆိုရင် ဟိုဘက် ကွန်ပျူတာနဲ့ ဒီဘက်ကွန်ပျူတာကို LAN ကြိုးနဲ့ ချိတ်ဆက်ရမှာပါ။ နှစ်လုံးထက်ပိုလာရင်တော့ switch, router တွေကို ကြားခံချိတ်ဆက်ပါတယ်။

အခုက တကယ့်ကွန်ပျူတာ အစစ်နှစ်လုံးနှင့် ချိတ်ဆက်တာမဟုတ်ဘဲ VirtualBox အသုံးပြုပြီး virtual machine ဖန်တီးချိတ်ဆက်တဲ့အခါမှာ VirtualBox ဟာ Host OS နဲ့ Guest OS ကြားမှာ Router လို ကြားခံချိတ်ဆက် ဆောင်ရွက်ပေးပါတယ်။

VirtualBox မှာ VM အတွက် ရွေးချယ်ပေးစရာ network mode (၇) မျိုး ပါဝင်ပါသည်။

1) Not attached
2) NAT
3) NAT Network
4) Bridge Adapter
5) Internal Network
6) Host-only Network
7) Generic

ကွန်ပျူတာ အစစ်နဲ့ နှိုင်းယှဉ်ပြီး ပြောပြပါ့မယ်။

1) Not attached ဆို LAN ကြိုး တပ်မထားတဲ့ အနေအထားဖြစ်ပါတယ်။

2) NAT ဆိုတာက network address translation ရဲ့ အတိုကောက်ပါ။ NAT ဆိုတာ IP address တစ်ခုကိုယ်စား အခြား IP address ဖြင့် အင်တာနက်ကို ချိတ်ဆက်တာလို့ အလွယ်မှတ်ထား လိုက်ပါ။
VirtualBox မှ default အတိုင်း ချိတ်ပေးထားတဲ့ mode ဖြစ်ပါတယ်။ ဒီ NAT ကြောင့် host OS မှာ အင်တာနက် ချိတ်ထားမယ်ဆိုရင် VirtualBox ပေါ်မှ Guest OS ဟာ အင်တာနက် အသုံးပြုလို့ရမှာပါ။ ဘာမှလုပ်ပေးစရာမလိုပါဘူး။ တန်းသုံးလို့ရပါတယ်။ ဒီ mode မှာဆိုရင် Guest OS ၏ IP address က အင်တာနက်ကို တိုက်ရိုက်ထွက်ချိတ်တာ မဟုတ်ဘဲ Host OS ၏ IP address မှတဆင့် ချိတ်တာပါ။
ဒီ netwok mode မှာဆိုရင် VirtualBox ဟာ router လို အလုပ်လုပ်တယ်လို့ သတ်မှတ် နိုင်ပါတယ်။ နောက်တစ်ခုက VirtualBox မှာ dhcp service ကလဲ ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် IP address တွေ ပေးစရာမလိုပဲ တန်းပြီး အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။
ဥပမာဆိုရရင် အင်တာနက်ရတဲ့ router တစ်လုံးကို ကွန်ပျူတာ ၁ဝ လုံးက ဝိုင်းချိတ်ထားရင် router ရဲ့ IP address ကပဲ အင်တာနက်ကို သွားတာပါ။ ကွန်ပျူတာ ၁ဝ ရဲ့ IP address တွေက တကယ် အင်တာနက်ကို သွားချိတ်တာမဟုတ်ပါဘူး။ ကွန်ပျူတာတွေရဲ့ IP addrss နဲ့ request တစ်ခုလာရင် router က သူ့ရဲ့ IP addrss အဖြစ် translate လုပ်လိုက်ပြီး အင်တာနက်မှာ ဒီ request ကို ထွက်ရှာတာပါ။ reply ပြန်လာရင် သက်ဆိုင်ရာ IP address အဖြစ် တစ်ခါ ပြန်ပြောင်းပြီး ကွန်ပျူတာတွေဆီ ပြန်ပို့ပေးပါတယ်။
Router တွေ ဈေးကြီးခဲ့တဲ့ အချိန်က အင်တာနက်ဆိုင်တွေမှာ internet connection sharing လုပ်ဖို့ server ထိုင်ပြီး NAT, dhcp service တွေ install လုပ်ပြီး router သဖွယ် အသုံးပြုခဲ့ကြ ပါတယ်။ အိမ်သုံး၊ ရုံးသုံး router လေးတွေပေါ်လာ ၊ ဈေးတွေလဲ သက်သာ သွားတော့ router တွေပဲ ဝယ်သုံးကြပါတယ်။ အခုဆိုရင် file server အစား network attached stroge (NAS) device တွေလဲဝယ်သုံးလာ ကြပါတယ်။ ဒါကြောင့် server တွေလေ့လာမနေတော့ဘဲ router တွေ၊ NAS တွေဝယ်သာ သုံးလိုက်ရင် မကောင်းဘူးလားဗျာနော်။ ဒါပေမယ့် အဲ့လိုတော့ မဟုတ်ပါဘူး။ အခြေခံမသိဘဲနဲ့တော့ အဆင်မြင့်ကို လှမ်းဖို့ မဖြစ်နိုင်ပါဘူး။
ကျွန်တော်တို့လဲ အခု CentOS ပေါ် မှာ NAT လို service တွေ၊ dhcp service ၊ file sharing service တွေ၊ တင်ပြီး server အဖြစ် လေ့လာကြမှာပါ။ Linux ကို server အဖြစ် လေ့လာကြတာ ပေါ့ဗျာ။
ဒီ NAT ကြောင့် အင်တာနက် တန်းသုံးလို့ရတယ်ဆိုတာကို စမ်းကြည့်ရအောင်။ Host OS မှာ အင်တာနက်တော့ချိတ်ထားပါ။

အခု Virtual Machine ကို start လုပ်လိုက်ပါ။ CentOS ကို login ပြုလုပ်ပြီးလျှင် Network ချိတ်မိစေရန် အောက်ပါ command ကို ရိုက်ပြီး enter ခေါက်ပါ။

# ifup eth0

# ရဲ့နောက်က ifup eth0 ကို ရိုက်ရမှာပါ။ # မပါပါဘူး။

ဒါက eth0 လို့ ခေါ်တဲ့ NIC (network interface card) ကို နှိုးလိုက်တာပါ။ ဒီအတိုင်းဆို သူက အိပ်နေတယ်ဗျ။ active မဖြစ်ပါဘူး။ နောက်ပိုင်းမှာ boot တတ်လာရင် auto active ဖြစ်အောင် လုပ်ပေးထားနိုင်ပါတယ်။ ifup eth0 ဆိုတာ တစ်နည်းအားဖြင့် Host OS နဲ့ network ချိတ်မိအောင် လုပ်လုိက်တာပါ။ Guest OS ကို Host OS နဲ့ network ချိတ်လိုက်တဲ့သဘောပါ။

Linux မှာ NIC ကို ethernet card လို့ခေါ်ပါတယ်။ NIC တစ်ခုရှိရင် eth0 ၊ နှစ်ခုမြောက်ကို eth1၊ သုံးခုရှိရင် eth2 ဆိုပြီး အစဉ်လိုက် နာမည်တပ်ပေးသွားပါတယ်။ card တွေ အပြောင်းအလဲ အဖြုတ်အတပ်လုပ်ရင်၊ hardware address လို့ခေါ်တဲ့ MAC address ပြောင်းရင်လဲ နံပါတ်စဉ် တွေ တိုးသွားပါတယ်။ နောက်ထပ် NIC တစ်ကဒ်ပြောင်းစိုက်ရင် တစ်ကဒ်ပဲရှိပေမယ့် eth1 ဖြစ်သွားပါလိမ့်မယ်။ ပြန်ပြောင်းပေးနည်းကို နောက်မှရေးပါ့မယ်။

အခု ဒီ command ရိုက်ပြီး enter ခေါက်ပါ။

# ping http://www.google.com

reply ပြန်လာရင် အင်တာနက်ရတယ်ဆိုတာ သေချာသွားပါပြီ။ ဒါဟာ NAT mode ေကြာင့် Host OS မှာ အင်တာနက်ရရင် Guest OS လဲ အသုံးပြုလို့ရခြင်းဖြစ်ပါတယ်။ အပြင်မှာ ကွန်ပျူတာ ၂ လုံး network ချိတ်ထားရင် အင်တာနက်ရတဲ့ ကွန်ပျူတာတစ်လုံးက NAT service on ပေးထားရင် အခြားတစ်လုံးက အင်တာနက်ရသလိုပါဘဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s